ပါဂျောင်မီဒီယာ
၄၊ ၉၊၂၀၂၄။
ကချင်ပြည်နယ်၊ မြို့နယ်ဒေသများတွင် ကုန်ဈေး နှုန်းများ နေ့စဉ် မြင့်တက်နေဆဲဖြစ်ပြီး၊ ဆန်တစ်အိတ်သုံးသိန်းနီးပါးအထိ မြင့်တက်လာသည့်အပြင် ဒေသခံများ လုပ်ကိုင်စားသောက်ရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများပါ ပိုမိုခက်ခဲလာကြောင်း ကချင်ပြည်သူပြည်သားများက ပြော သည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၇ရက်နေ့ကတည်းက ကချင်ပြည်နယ်သို့ တင်ပို့သည့် မန္တလေး-မြစ်ကြီးနား ကုန်ကားလမ်း ရပ်တန့်သွားခဲ့ပြီးနောက် ကုန်ပစ္စည်းအဝင်မရှိသည့်အပြင်၊ ယနေ့အချိန်ထိ ကားလမ်းဖွင့်လှစ်ပေးခြင်း မရှိသေးသောကြောင့် ကုန်ဈေးနှုန်းမှာ နေ့စဉ်ဆက်တိုက် မြင့်တက်လျက်ရှိနေကြောင်း ဒေသခံများ ပြောသည်။
လက်ရှိ ဖားကန့်ဒေသ ကုန်ဈေးနှုန်းမှာ ပေါ်ဆန်းမွှေးဆန်တစ်အိတ်လျှင် တစ်သိန်းကိုးသောင်းကျပ်မှ အချို့ဆိုင်များတွင် လေးသိန်းကျပ်အထိ မြင့်တက်နေပြီး၊ ဆားတစ်ပိသာလျှင် တစ်သောင်းကျပ်၊ ကြက်သွန်နီတစ်ပိသာလျှင် ငါးထောင်ကျပ်၊ ကြက်သွန်ဖြူတစ်ပိသာလျှင် နှစ်သောင်းကျပ်၊ ဂျင်းတစ်ပိသာလျှင် တစ်သောင်းငါးထောင်ကျပ်၊ ငရုပ်သီးခြောက် တစ်ပိသာလျှင် နှစ်သောင်းကျပ်၊ ခရမ်းချဉ်သီးတစ်ပိသာလျှင် ခုနှစ်ထောင်ကျပ်၊ ကြက်သားတစ်ပိသာလျှင် သုံးသောင်းငါးထောင်ကျပ်၊ အမဲသားတစ်ပိသာလျှင် နှစ်သောင်းငါးထောင်ကျပ်နှင့် စက်သုံးဆီတစ်လီတာလျှင် ကိုးထောင့်ငါးရာကျပ်အထိ ရှိနေပြီး၊ ကုန်ဈေးနှုန်းမှာ နေ့စဉ်မြင့်တက်နေဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ထို့အပြင် ပူတာအိုဒေသကုန်ဈေးနှုန်းများမှာ ဆန်တစ်အိတ်လျှင် နှစ်သိန်းရှစ်သောင်းကျပ်၊ စက်သုံးဆီတစ်လီတာလျှင် နှစ်သောင်းကျပ်၊ ကြက်ဥတစ်ကဒ်လျှင် နှစ်သောင်းလေးထောင်ကျပ်၊ စားသုံးဆီတစ်ပိသာလျှင် သုံးသောင်းငါးထောင်ကျပ်၊ ကြက်သွန်နီ တစ်ပိသာလျှင် တစ်သောင်းနှစ်ထောင်ကျပ်နှင့် ဆားတစ်အိတ်လျှင် ငါးထောင်ကျပ်အထိ မြင့်တက်နေကြောင်း သိရသည်။
အလားတူ မြစ်ကြီးနားဒေသအတွင်းရှိ ကုန်ဈေးနှုန်းမှာလည်း ပေါ်ဆန်းမွှေးဆန်တစ်အိတ်လျှင် နှစ်သိန်းနီးပါးအထိရှိနေပြီး၊ ကြက်ဥတစ်ကဒ်လျှင် သုံးသောင်းခွဲကျပ်၊ ငါးတစ်ပိသာလျှင် လေးသောင်းခွဲကျပ်၊ အမဲသားတစ်ပိတ်သာလျှင် နှစ်သောင်းခြောက်ထောင်ကျပ်၊ ကြက်သွန်ဖြူ တစ်ပိသာလျှင် နှစ်သောင်းကျပ်၊ စားသုံးဆီတစ်ပိသာလျှင် နှစ်သောင်းရှစ်ထောင်ကျပ်၊ စက်သုံးဆီ တစ်လီတာလျှင် ခြောက်ထောင့်ငါးရာနှင့် တစ်ပေပါလျှင် ဆယ့်သုံးသိန်းခွဲကျပ်အထိ ရှိနေသည်။
လက်ရှိမှာတော့ ကချင်ပြည်နယ်တစ်ခွင်လုံး ကုန်ကားလမ်းဖြင့် ကုန်ပစ္စည်းအဝင်မရှိပဲ ဈေးနှုန်းမြင့်တက်နေခဲ့ပြီး၊ အချို့မှာ လေကြောင်းလိုင်းဖြင့် သယ်ယူပို့ဆောင်ရသောကြောင့် ကုန်ဈေးနှုန်းမှာ ဆက်လက်မြင့်တက်နေခဲ့ခြင်းဖြစ်သည်။
ကုန်ပစ္စည်းသယ်ယူရန် ခက်ခဲပြီး ကုန်ဈေးနှုန်းနှင့် အခြားအသုံးအဆောင်ပစ္စည်းများ မြင့်တက်နေချိန် ပြည်သူများအနေဖြင့် စားဝတ်နေရေးအတွက် ပိုမိုခက်ခဲလာနိုင်သလို၊ ဖားကန့်၊မြစ်ကြီးနားနှင့် ပူတာအိုဒေသရှိ ဆေးရုံ၊ဆေးပေးခန်းများတွေလည်း ဆေးဝါးပစ္စည်း ပြတ်လတ်လာပြီး အလုံအလောက်မရှိသည့် အခက်အခဲများပါ ထပ်မံကြုံတွေ့လာရကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကိုင်း-ကချင်အစပ်ဒေသများတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့များ တန်ပြန်ထိုးစစ်ဆင်တိုက်ပွဲ ပြင်းထန်နေခြင်းကြောင့် ဩဂုတ်လ၁၇ရက်နေ့မှစ၍ ကချင်ပြည်နယ်သို့ အဓိကတင်ပို့သည့် မြစ်ကြီးနား-မန္တလေးသွား ပြည်ထောင်စုလမ်းမကြီးကို ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားခဲ့ခြင်းဖြစ်သည်။
Comments