ပါဂျောင်မီဒီယာ
၈ရက်၊ မေလ၊၂၀၂၄ခုနှစ်။
![](https://static.wixstatic.com/media/c187ce_310c651d91de4f4687eee77e006a127d~mv2.jpg/v1/fill/w_980,h_1195,al_c,q_85,usm_0.66_1.00_0.01,enc_auto/c187ce_310c651d91de4f4687eee77e006a127d~mv2.jpg)
စက်သုံးဆီ ပြတ်လတ်နေသည့် ပူတာအိုဒေသရှိ လယ်သမားများကို ကချင်ပြည်နယ် ဝန်ကြီးချုပ်မှ စက်သုံးဆီ ရောင်းချပေးမည်ဟု ဆိုကာ လယ်ယာပြေစာ စာရင်းများကောက်ယူထားပြီး ယနေ့ မေလ ၈ရက်နေ့မှစ၍ ကြိုတင်ငွေများ စတင်ကောက်ခံနေကြောင်း ဒေသခံများက ပြောသည်။
"တစ်ဧကကို ဒီဇယ်ဆီသုံးဂါလံနှုန်းနဲ့ ရောင်းပေးမယ်လို့ ပြောတယ်။ အစတုန်းကတော့ ပုံမှန်ဈေးနဲ့ ရောင်းပေးမလိုလိုနဲ့ အခုကျတော့ တစ်ဂါလံကို လေးသောင်းကျပ်နှုန်းနဲ့ ပိုက်ဆံကြိုသွင်းခိုင်းနေပြီ။ ဘယ်နေ့စထုတ်ပေးမယ်ဆိုတာ မသိသေးဘူး၊ သူတို့က လယ်ယာပိုင်ဆိုင်မှုပုံစံ၊ ပြေစာထဲကအတိုင်းပဲ ရောင်းပေးမယ်ပြောတယ်။” ဟု လယ်သမားတစ်ဦးက ပြောသည်။
စစ်ကောင်စီမှ လယ်တစ်ဧကလျှင် ဒီဇယ်ဆီ သုံးဂါလံနှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး တစ်ဂါလံလျှင် လေးသောင်းကျပ် သတ်မှတ်ကာ လယ်သမားများဆီမှ ကြိုတင်ငွေ ကောက်ခံနေခြင်း ဖြစ်သည်။
ဝန်ကြီးချုပ်မှ ပြီးခဲ့သည့် ဧပြီလ ၃၀ရက်နေ့တွင် ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ ပူတာအိုမြို့သို့ ရောက်ရှိလာပြီး စက်သုံးဆီ ပြတ်လတ်နေမှုကြောင့် လယ်ယာလုပ်ငန်းလုပ်ဆောင်ရန် ခက်ခဲနေသည့် လယ်သမားများအတွက် စက်သုံးဆီအား ပုံမှန်ဈေးဖြင့် ရောင်းချပေးမည့်အကြောင်း ပြောကြားခဲ့ပြီးနောက် စစ်ကောင်စီတပ်ပိုင် လေယာဉ်ဖြစ်သည့် Y8လေကြောင်းဖြင့် နေ့စဉ် ဒီဇယ်ဆီများ သယ်ဆောင်နေခဲ့ပြီ ဖြစ်သည်ဟု ဆိုသည်။
"တစ်ဂါလံကို လေးသောင်းကျပ်နှုန်းနဲ့ တစ်ဧကအတွက် သုံးဂါလံရောင်းပေးမယ်ဆိုတာ တစ်ကယ်တန်းကျတော့ ဈေးနှုန်းကလည်း ပုံမှန်ဈေးထက် နှစ်ဆကျော်မြင့်နေတယ်။ အဲ့ဒီထဲမှာမှ တစ်ဧကအတွက် သုံးဂါလံပဲဆိုေတာ့ လောက်လည်းမလောက်ဘူး။ လယ်တစ်ဧက အပြီးထွန်နိုင်ဖို့ဆိုတာ အနည်းဆုံး ဆီငါးဂါလံကုန်တယ်၊ အပြင်မှာ ဝယ်ဖို့ဆိုတာကျတော့လည်း ဆီအရမ်းရှားတဲ့အပြင် တစ်ဂါလံကို ရှစ်သောင်းကျပ်အထိ ရောင်းနေကျတော့ လယ်သမားတွေအတွက် ဒီနှစ်တော့ အရမ်းဒုက္ခရောက်နေကြပြီ" ဟု နောက်ထပ် ပူတာအိုမြို့ခံ လယ်သမားတစ်ဦးက ပြောသည်။
ထို့နောက် မေလ လဆန်းပိုင်းမှစတင်ကာ ပူတာအိုဒေသရှိ မြို့နယ်၊ ကျေးရွာအုပ်စု အသီးသီးတွင် လယ်ယာပိုင်ဆိုင်မှုပြ ပြေစာနှင့် ဂရံများကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံးများတွင် စာရင်းတင်သွင်းစေခဲ့ပြီးနောက် ယနေ့ မေလ၈ရက်နေ့တွင် ငွေများကို ကြိုတင်ကောက်ခံနေကြောင်း ဒေသခံများက ပြောသည်။
ပူတာအို-မြစ်ကြီးနား ကားလမ်းပိတ်ထားသည်မှာ နှစ်လအထိရှိလာခဲ့ပြီး ပူတာအိုခရိုင် မြို့နယ်(၅)မြို့နယ်တွင် ကုန်ပစ္စည်းများ ပြတ်လပ်မှု၊ ဈေးနှုန်းအဆမတန်မြင့်တက်မှုနှင့် ပြည်သူများ စားဝတ်နေရေး ခက်ခဲလာမှုများ ဖြစ်နေကြောင်း သိရှိရသည်။
သတင်း- မလိခူး
コメント