ပါဂျောင်မီဒီယာ။
၁၁ရက်၊မတ်လ၊၂၀၂၅။

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မန်ဝိန်းကြီးဒေသ၊ မံစီဒေသနှင့် အင်ဘာပါ စသည့်ဒေသမှ ကျွဲ၊နွားကုန်သည်များမှာ နယ်စပ်ဂိတ် ပိတ်ပင်ထားသဖြင့် မှောင်ခိုရောင်းချနေရသည့်အပြင် တရားဝင်ရောင်းချခွင့် ရပ်နားထားသည်မှာ (၃)လကျော် ကြာမြင့်လာသောကြောင့် စီးပွားရေးကြပ်တည်းလာသည်ဟု ဆိုသည်။
“အရင်က မိုးမောက်၊မံစီဘက်ကနေ လာတဲ့ ကျွဲနွားတွေ အကုန်လုံး အင်ဘာပါမှာ လာရောင်းတယ်။ အင်ဘာပါကနေမှ တရုတ်ဘက်ကလူတွေ လာဝယ်တယ်။ အခုက ဂိတ်လဲပိတ်သွားတော့ တရုတ်က လာဝယ်တဲ့သူလည်း မရှိတော့ဘူး။ ဒီကျွဲနွားကုန်သည်တွေက စီးပွားရေး ရပ်သွားတာပေါ့။ တနိုင်တစ်ပိုင် ပွဲစားလုပ်တဲ့သူတွေတောင် မရှိတော့ဘူး” ဟု မံစီဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာလကတည်းက နယ်စပ်ကုန်သွယ်ရေးဂိတ်များကို နှစ်ဖက်ဂိတ်မှ ဖြတ်သန်းခွင့် ပိတ်ပင်လိုက်သောကြောင့် ကျွဲနွားကုန်သည်များ ကုန်သွယ်မှုလုပ်ငန်း ရပ်နားထားရကာ ဒီဇင်ဘာလအရောက်တွင် ကုန်သွယ်မှု အလုံးစုံရပ်နားခဲ့သည်မှာ ယနေ့အချိန်ထိ ဖြစ်သည်ဟု ဆိုသည်။
လက်ရှိတွင် တစ်ပတ်လျှင် ၁၀ကောင်မှ ၁၅ကောင်အထိ တက်လာသည့် ကျွဲနွားများ ရှိနေသော်လည်း နယ်စပ်တစ်ကျောရှိ အသားသတ်ရုံသို့ ရောင်းချသည့် ကျွဲနွားများသာ ရှိနေကြောင်းနှင့် ရံဖန်ရံခါ အင်ဘာပါမှ မှောင်ခိုလမ်းဖြင့် ရောင်းချမှုများသာ ရှိနေသေးကြောင်း သိရသည်။
ကုန်သည်အချို့ ပြောပြချက်အရ ဒီဇင်ဘာလတွင် ဝယ်ယူထားသည့် ကျွဲနွားများကို ယခုအချိန်အထိ မရောင်းချနိုင်သေးဘဲ အရင်းရှုံးကာ အကြွေးတင်နေသူများလည်း အများစုရှိနေသည်ဟု ဆိုသည်။
ယခင်နိုင်ငံရေးကောင်းနေစဉ်တွင် ဗန်းမော်ဒေသမှ ဒေသခံအများစုမှာ ကျွဲနွားကုန်သည်လုပ်ငန်းနှင့် ပွဲစားလုပ်ငန်းအား မိသားစုစားဝတ်နေရေးအဖြစ် အဓိကလုပ်ကိုင် စားသောက်ခဲ့ကြသော်လည်း ကိုဗစ်နောက်ပိုင်းတွင် ကျွဲနွားကုန်သည် စီးပွားရေးလုပ်ငန်းမှာ တဖြည်းဖြည်း ကျဆင်းလာကာ၊ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလမှစပြီး နယ်စပ်ဂိတ်ပိတ်ပင်ထားသဖြင့် ကျွဲနွားကုန်သွယ်မှုမှာ အလုံးစုံ ရပ်တန့်သွားခဲ့ကြောင်း သိရသည်။
ယခင်အချိန် ကိုဗစ်ရှေ့ပိုင်းကာလတွင် အင်ဘာပါဒေသသို့ ကျွဲနွားကုန်သည်များက တစ်နေ့လျှင် အကောင်ရေ ထောင်ဂဏန်းနှင့် အနည်းဆုံး ရာဂဏန်း လာရောက်ကုန်သွယ်ခဲ့ကြကြောင်း သိရသည်။
သတင်း - ဇော်မိုင်
Comments