ပါဂျောင်မီဒီယာ
၁ရက်၊ဧပြီလ၊၂၀၂၄ခုနှစ်။
ပါဂျောင်မီဒီယာ၏ မှတ်တမ်းပြုစုချက်အရ ၂၀၂၄ခုနှစ်၊ မတ်လ ၇ရက်နေ့မှ ဧပြီလ ၁ရက်နေ့အထိ ကချင်လွတ်လပ်ရေးတပ် (KIA)၏ ထိုးစစ်ဆင်တိုက်ပွဲတွေကြောင့် ပြန်လည်သိမ်းပိုက် ရရှိခဲ့သည့် စခန်းကြီး/ငယ်ပေါင်း ၆၈ခုအထိရှိလာခဲ့သည်ကို တွေ့ရှိရသည်။
ကချင်လွတ်လပ်ရေးတပ် (KIA)သည် မတ်လ၇ရက်နေ့ကစပြီး မြစ်ကြီးနား-ဗန်းမော်သွား ကားလမ်းတစ်လျှောက်ရှိ စစ်ကောာင်စီတပ်စခန်းများကို ဦးစွာ တစ်ပြိုင်နက်ထဲ ထိုးစစ်ဆင်တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။
ယင်းနောက်ပိုင်းမှစပြီး စစ်ကောင်စီတပ်စခန်းများကို တစ်ခုပြီးတစ်ခု တိုက်ခိုက်သိမ်းယူခဲ့သည်မှာ ယနေ့ ဧပြီလ ၁ရက်နေ့အထိ စစ်ကောင်စီတပ်စခန်း ကြီး/ငယ်ပေါင်း (၆၈)ခုအထိ အောင်မြင်စွာ သိမ်းယူထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
KIAသည် ရက်ပေါင်း ၂၀ကျော်အကြာ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် လက်ရှိအချိန်ထိ သိမ်းပိုက်ရရှိထားသည့် စစ်ကောင်စီတပ်စခန်းများမှာ ဝိုင်းမော်မြို့နယ်မှ ခယာဘွမ်ကာကင်းစခန်းနှင့် ခယာဘွမ်တပ်စခန်းကုန်းကြီး၊ နာဖော့ကာကင်းစခန်းကြီး(၂)ခုနှင့် နာဖော့ဗျူဟာကုန်းစခန်းကြီး စသည့် တပ်စခန်း(၉) ခုအထိ သိမ်းပိုက်ရရှိထားပြီး၊ ဖားကန့်မြို့နယ်တွင် တာမခန်အခြေစိုက် ခမရ (၁၁၉)စခန်း၊ ကသိုဏ်းတောင်တပ်စခန်းနှင့် တန်၃၀၀၀တပ်စခန်း၊ တနိုင်းမြို့နယ်တွင် ခြေလျှင်တပ်ရင်း ခလရ (၂၉၇)စခန်း၊ ဆွမ်ပရာဘွမ့်မြို့နယ်တွင် ဒိန်ဝါရွမ်တပ်စခန်းနှင့် မြို့တွင်းရှိ ရဲစခန်းနှင့် မချမ်းဘော့မြို့နယ်တွင် ခလရ (၄၂၆)စခန်းတို့ကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့သည်။
ထို့အပြင် ဒေါ့ဖုန်းယန်မြို့နယ်မှ ခမရ (၁၄၂) တပ်စခန်းကြီး၊ မံစီမြို့နယ်မှ မဂျီဂုံဗျူဟာကုန်းစခန်းကြီး အပါအဝင် တပ်စခန်းကြီး (၁၁)ခုနှင့် မိုးမောက်မြို့နယ်တွင် ဘွမ်ရဲဘွမ်၊ ဖွန်ပြန်ဘွမ်၊ ဆန်ဂန်တပ်စခန်း၊ စိန်လုံဗျူဟာတပ်စခန်းကြီးနှင့်အတူ အားလုံးပေါင်း (၄၀) ခုကို သိမ်းပိုက်ထားနိုင်ခဲ့ပြီ ဖြစ်သည်။
ဒါ့အပြင် မြို့ပေါင်းသုံးမြို့ကိုလည်း အောင်မြင်စွာ ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ကြောင်း Myanmar Peace Monitor၏ ဖော်ပြချက်အရ သိရသည်။
၂၀၂၃ခုနှစ် နိုင်ဝင်ဘာလ ၂၀ရက်နေ့က အင်ဂျန်းယန်မြို့နယ်၊ အင်ဂျန်းယာန်မြို့အတွင်းမှ စစ်ကောင်စီတပ်စခန်း နှစ်ခုနှင့် ရဲစခန်းမှာ တာဝန်ထမ်းဆောင်နေသူ အားလုံး တပ်စခန်းများကနေ အသီးသီး ထွက်ခွာသွားကြပြီး KIAမှ ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
အလားတူ ဖေဖော်ဝါရီ ၁၀ရက်နေ့မှာလည်း မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့ကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA)က အောင်မြင်စွာ ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ပြီး၊ မတ်လ ၂၉ရက်နေ့က လွယ်ဂျယ်မြို့ကို KIAနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က အောင်မြင်စွာ ထိန်းချုပ်သိမ်းပိုက်ထားနိုင်ခဲ့ကြောင်း MPMက ဖော်ပြထားသည်။
MPM၏ ဖော်ပြချက်အရ မတ်လ ၁၃ရက်မှ ၂၆ရက်နေ့အထိ နှစ်ပတ်တာကာလအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်နှင့် KIA/KPDF ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားမှုပေါင်း ၂၄ခုအထိ ရှိခဲ့ပြီး၊ မြန်မာနိုင်ငံလုံးဆိုင်ရာတွင် ကချင်ပြည်နယ်သည် တိုက်ပွဲဖြစ်ပွားမှု အများဆုံးဒေသအဖြစ် တွေ့ရှိရသည်။
ထို့အပြင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှု၊ စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှု၊ အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများကြောင့် ကချင်ပြည်နယ်မှ ဒေသခံပြည်သူ၂၀၀၀၀ဦးခန့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်း Myanmar Peace Monitor၏ ဖော်ပြချက်အရ သိရသည်။
![](https://static.wixstatic.com/media/c187ce_77df367c052c459088140d05aca2e361~mv2.jpg/v1/fill/w_720,h_960,al_c,q_85,enc_avif,quality_auto/c187ce_77df367c052c459088140d05aca2e361~mv2.jpg)
Comments