ပါဂျောင်မီဒီယာ။
၂၂ရက်၊မတ်လ၊၂၀၂၅။

ကချင်ပြည်နယ်တွင် ယခုနှစ် ဖေဖော်ဝါရီလအတွင်း ဖြစ်ပျက်ခဲ့သည့် တိုက်ပွဲများ၊ လေကြောင်းတိုက်ခိုက်မှုနှင့် အရပ်သားထိခိုက်သေဆုံးမှု အချက်အလက်များကို Myanmar Peace Monitor(BNI) က မတ်လ၂၀ရက်နေ့တွင် ထုတ်ပြန်ထားသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိုက်ပွဲပေါင်း (၈၉)ကြိမ်ဖြစ်ပွားခဲ့ရာ မကွေးတိုင်းတွင် (၁၆)ကြိမ်ဖြင့် တိုက်ပွဲဖြစ်ပွားမှု အများဆုံးဖြစ်ခဲ့ပြီး ကချင်ပြည်နယ်မှာတော့ (၆)ကြိမ်အထိ ရှိခဲ့ကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများနှင့် ပြည်သူနေအိမ်များကို လေကြောင်းအသုံးပြု တိုက်ခိုက်မှုများ အပြင်းအထန်လုပ်ဆောင်ခဲ့ပြီး လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် (၁၀၈)ကြိမ် တိုက်ခိုက်ခဲ့ပြီး ကချင်ပြည်နယ်မှာတော့ (၅)ကြိမ်အထိ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
ကချင်ပြည်နယ်ထဲမှာတော့ ဖေဖော်ဝါရီ ၂၄ရက်နေ့တွင် ရွှေကူမြို့အံတော်ရှင်ဘုရား နောက်ကျောဘက် ဧရာဝတီမြစ်တွင် ရွှေတူးဖော်နေကြသူများကို တစ်ကြိုမ်၊ ၂၁ရက်နေ့က မံစီမြို့နယ်မှ ဂေါ့ငူယာန်ကျေးရွာနှင့် ဗန်မော်ဒေသ ရေလည်ကျေးရွာ၊ ၁၉ရက်နေ့တွင် မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်ဒေသ ဝက်ရင်းကျေးရွာနှင့် ၁၄ရက်တွင် ဗန်းမော်မြို့နယ် စိန်းခန်းကျေးရွာတို့ကို ဗုံးကြဲတိုက်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ တိုက်ပွဲနှင့် လေကြောင်းသုံး တိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ပြည်သူ (၁၄၀)ဦး သေဆုံးပြီး၊ (၂၆၃)ဦး ထိခိုက်ဒဏ်ရာရခဲ့ရာ၊ ကချင်ပြည်နယ်မှ (၈)ဦးသေဆုံးခဲ့ပြီး၊ (၅)ဦးမှာ ပြင်းထန်ဒဏ်ရာရခဲ့ကြောင်း Myanmar Peace Monitor(BNI)က ထုတ်ပြန်ထားသည်။
သတင်း - ဇော်
Comments