top of page

ကချင်ပြည်နယ်တွင်တစ်ကျော့ပြန် စစ်ပွဲဖြစ် သည် မှာ (၁၃) နှစ်ပြည့်ပြီဖြစ်ပေမဲ့ ယနေ့အချိန်ထိ စစ်ဘေးရှောင်ပြည်သူများတနေ့ထက်တနေ့ ပိုပို၍တိုးလာနေဆဲ

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၁၀ရက်၊ ဇွန်လ၊ ၂၀၂၄ ခုနှစ်။



ကချင်ပြည်နယ်အတွင်း တစ်ကျော့ပြန်စစ်ပွဲ စတင်ခဲ့ပြီး ပြည်သူများ မိမိနေရပ်စွန့်ကာ စစ်ဘေးရှောင်နေရသည်မှာ ယမန်နေ့ ဇွန်လ ၉ ရက်နေ့တွင် (၁၃) နှစ်ပြည့်ပြီဖြစ်သောကြောင့် KIO ထိန်းချုပ်နယ်မြေရှိ စစ်ရှောင်စခန်းများတွင် ခွန်အားယူဆုတောင်းခြင်းအစီအစဉ်များ ပြုလုပ်ကျင်းပခဲ့ကြောင်းသိရသည်။


ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတပ်များအကြား လွန်ခဲ့သော ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့ ကတည်းက တစ်ကျော့ပြန်စစ်ပွဲ စတင်ခဲ့ပြီး ယနေ့အချိန်ထိ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသောကြောင့် ကချင်ပြည်နယ်အတွင်း စစ်ဘေးရှောင်ပြည်သူများတစ်နေ့ထက်တစ်နေ့ ပိုပို၍တိုးလာရခြင်းဖြစ်သည်။ UNHCR ၏စစ်တမ်းအရ ၂၀၁၁ ဇွန်လ မှ ၂၀၂၄ မေလအထိ ကချင်ပြည်နယ်အတွင်းစစ်ဘေးရှောင်ပြည်သူဉီးရေမှာ ၁ သိန်း ၆ သောင်းခန့် ရှိပြီဖြစ်သည်။


၂၀၂၄ မတ်လအတွင်း ပြန်လည်၍စတင်ခဲ့သော မြစ်ကြီးနား-ဝိုင်းမော်-ဗန်းမော် ကားလမ်းတစ်လျှောက် ထိုးစစ်ဆင်တိုက်ပွဲကြီးကြောင့် ၂ လအတွင်း စစ်ဘေးရှောင်ပြည်သူဉီးရေ (၆၆၉၃၁) အထိပြန်တိုးလာသည်ဖြစ်ရာ ယခုအချိန်တွင် ကချင်ပြည်နယ်အတွင်းစစ်ဘေးရှောင်ပြည်သူဉီးရေမှာ ၁ သိန်း ၆ သောင်းကျော် ရှိလာပြီဖြစ်ကြောင်းသိရသည်။




လွန်ခဲ့သော ၂၀၁၁ ခုနှစ်စတင်ခဲ့သော ကချင်ပြည်နယ်အတွင်းတစ်ကျော့ပြန်စစ်ပွဲသည် ယခု နှစ် ၂၀၂၄ တွင် စစ်ရှောင်ကာလ (၁၃) နှစ်ပြည့်ပြီဖြစ်သောကြောင့် ခွန်အားယူဆုတောင်းခြင်းအစီအစဉ်များကို စစ်ရှောင်စခန်းများတွင် ပြုလုပ်ခဲ့သည်ဖြစ်ရာ KIO ထိန်းချုပ်နယ်မြေရှိ ဂျယ်ယန့် စစ်ရှောင်စခန်းတွင်လည်း ယမန်နေ့ မနက် ၆ နာရီ အချိန်၌ ဆုတောင်းပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။


ကချင်ပြည်နယ်ရှိပြည်သူများ စစ်ဘေးရှောင်သည့် ကာလမှာ ကြာရှည်လာပြီဖြစ်သောကြောင့် အဘက်ဘက်မှကူညီထောက်ပံ့မှုများလည်းလျှော့နည်းလာပြီဖြစ်ရာ ယခုအချိန်တွင် စစ်ဘေးရှောင်ပြည်သူများ၏ ဝမ်းရေး နှင့် ပတ်သက်၍ စစ်ဘေးရှောင်ပြည်သူများကိုယ်တိုင် တာဝန်ယူဖြေရှင်းနေရသည့် အခြေအနေသို့ရောက်နေပြီဖြစ်သည်။ ထို့အပြင် ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့ မှပြန်လည်စတင်လာသော ထိုးစစ်ဆင်တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသော ပြည်သူများသည် ယခုအချိန် အခြေခံစားသောက်ကုန်များ၊ သောက်သုံးရေများ နှင့် နေရာထိုင်ခင်းများ အတွက် အကူအညီများလိုအပ်နေကြောင်းသိရှိရသည်။


ကချင်ပြည်နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA/KPDF) ပူးပေါင်းတပ်ဖွဲ့ နှင့် စစ်ကောင်စီတပ် တို့အကြားတိုက်ပွဲများ ယနေ့အချိန်အထိ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။


Comments


Pajau Media

Thanks for subscribing!

bottom of page