ပါဂျောင်မီဒီယာ
၂၁၊ ၈၊ ၂၀၂၄။
စစ်ရေးအခြေအနေကြောင့် ယာယီပိတ်ထားသော ကချင်ပြည်နယ်၊ တရုတ်နယ်စပ်၊ ကန်ပိုင်တည်မြို့ရှိ အထက်တန်းကျောင်းကို ဇူလိုင်လ ၂၂ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပြီဟု ဒေသခံများထံမှ သိရပါသည်။
ကန်ပိုင်တည်အထက်တန်းကျောင်းကို စစ်ရေးအခြေအနေများကြောင့် ယာယီပိတ်ထားပြီး လက်ရှိပြန်လည်ဖွင့်လှစ်သည်မှာ တစ်လနီးပါးရှိပြီဖြစ်ပြီး ၁၁တန်းအထိ သင်ကြားပေးနေသည်ဟု သိရပါသည်။
ကန်ပိုင်တည်အထက်တန်းကျောင်းမှ ဆရာ/ဆရာမများသည် စစ်ရေးအခြေအနေများကြောင့် ထွက်ပြေးတိမ်းရှောင်သွားသောကြောင့် ကျောင်းအုပ်ကြီးမှ ပညာရေးမှူးရုံးသို့ ကျောင်းယာယီပိတ်ထားရန် စာတင်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် ဒေသခံနှင့် ရပ်ရွာလူကြီးများက ကျောင်းပိတ်ထားသည်မှာ တစ်လနီးပါးရှိလာပြီဖြစ်သောကြောင့် ကျောင်းပြန်လည်ဖွင့်ပေးရန် သက်ဆိုင်ရာအဖွဲ့အစည်းများထံသို့ စာတင်ခဲ့ကြောင်း သိရပါသည်။
လက်ရှိအချိန်တွင် ဆဒုံ-ကန်ပိုင်တည်တစ်လျှောက်ရှိ ဝေါချုံး၊ ဝေမော်၊ စင်ကြိုင်နှင့် ကန်ပိုင်တည်ကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်နေသော်လည်း အပြည့်အဝလည်ပတ်နိုင်ခြင်းမရှိသေးကြောင်း သိရှိရပါသည်။
ဝိုင်းမော်မြို့နယ်၊ ဝါရှောင်ကျေးရွာ အထက်ဘက် ဆဒုံး-ကန်ပိုင်တည်လမ်းကြောတစ်လျှောက်တွင် ပြီးခဲ့သည့် ဇွန်လ ၁၁ရက်နေ့မှစပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIAနှင့် စစ်ကောင်စီတို့အကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားသောကြောင့် ကျောင်းများကို ပိတ်ထားခဲ့ရခြင်းဖြစ်သည်။
Comentários