top of page

ကားလမ်းအခက်အခဲကြောင့် ယာယီပိတ်ထားသည့် မြစ်ကြီးနား-ပူတာအိုကားလမ်း ပုံမှန်အတိုင်းပြန်ဖွင့်

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၂၅ရက်၊ဇွန်လ၊၂၀၂၄ခုနှစ်။




မြစ်ကြီးနား-ပူတာအိုကားလမ်းကို ယမန်နေ့ဇွန်လ ၂၄ရက် နေ့ကတည်းက ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲ နေပြီဖြစ်ကြောင်း ကားသမားတစ်ဦးထံမှ သိရသည်။


မိုးပြင်းထန်စွာ ရွာသွန်းသောကြောင့် ပူတာအိုမြို့မရောက်ခင် တန်ဂျာကျေးရွာအနီးတွင် ချောက်ကမ်းပါးပြိုကျသည့်အတွက် လမ်းပိုင်းဆိုင်ရာ အခက်အခဲဖြစ်သောကြောင့် ဇွန်လ ၂၁ရက် ကစပြီးရပ်နားလိုက်ခြင်း ဖြစ်သည်။


ယမန်နေ့ ဇွန်လ၂၄ရက်နေ့မှာတော့ လမ်းပြုပြင်ပြီးစီးပြီး မြစ်ကြီးနား-ပူတာအို အတက်အဆင်း ယာယီပိတ်ထားသည်ကို ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ခဲ့သည်။


ပူတာအိုဒေသခံများ ပြောပြချက်အရ ၃လကြာပိတ်ထားခဲ့သည့် ကားလမ်း ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ခဲ့ပေမယ့်လည်း ကုန်ဈေးနှုန်းများမှာ ပုံမှန်ဈေးနှုန်းအထိ ကျဆင်းခြင်းမရှိသေးကြောင်းနှင့် ပြည်သူများ ခရီးသွားလာနိုင်ခြင်း မရှိသေးကြောင်း ပြောသည်။ ထို့အပြင် ကုန်စည်ပို့ဆောင်ရာမှာလည်း သက်ဆိုင်ရာဂိတ်များမှ ခွင့်ပြုမိန့်ရမှသာလျှင် အလှည့်ကျပို့ဆောင်ရကြောင်း ထပ်မံပြောသည်။


 "ကားဂိတ်တစ်ခုပြီးတစ်ခု အလှည့်ကျထွက်ရတယ် အများဆုံး၆/၇စီးလောက်ပဲ ထွက်ခွင့်ပေးတယ်၊ ကုန်ပစ္စည်းစာရင်းတွေအားလုံး အတိအကျနဲ့ စာတင်ရတာလေ၊ စက်သုံးဆီကျတော့ မတင်ခိုင်းဘူး။ ကုန်ပစ္စည်းစာရင်းတွေကို ပူတာအိုဂိတ်ဆုံးရောက်ရင် ပြန်ပြပြီးအစစ်ခံရတယ်၊ ပြီးမှပဲကုန်ချခွင့်ရှိတာ" ဟု ကုန်ကားသမားတစ်ဦးက ပြောသည်။


လက်ရှိမှာတော့ ကားသမားများက နှစ်ဖက်တပ်ဖွဲ့ထံ ကုန်ပစ္စည်းစာရင်းများကို ကြိုတင်ပေးပို့ထားရပြီး သက်ဆိုင်ရာများမှ စီစစ်အတည်ပြုပြီးမှသာလျှင် တစ်ရက်၇စီးဖြင့် အလှည့်ကျ ပူတာအိုမြို့ဘက် တက်ခွင့်ပြုနေသည်။


ထို့ကြောင့် ယခင်က တစ်ရက်ခရီးပေါက်သည့် မြစ်ကြီးနား-ပူတာအိုကားလမ်းခရီးဟာ ယခုအချိန် ကားလမ်းတစ်လျှောက် နှစ်ဖက်တပ်များ၏ စစ်ဆေးရေးတင်းကျပ်ခြင်းကြောင့် အနည်းဆုံး တညအိပ် ၂ရက် ခရီးသွားနေရသည်ဟု ဆိုသည်။


ယခုအချိန် ကားလမ်းယာယီဖွင့်လှစ်နေပေမယ့် ကုန်စည်များပုံမှန်အတိုင်းတင်ဆောင်နိုင်ခြင်းမရှိပဲ အကန့်အသတ်ဖြင့်သာ အလှည့်ကျတင်ဆောင်ခွင့်ရနေခြင်းကြောင့် ကုန်ဈေးနှုန်းများမှာ မြင့်တက်နေဆဲ ဖြစ်သည့်အပြင် မြစ်ကြီးနား-ပူတာအို ကားလမ်းပိုင်းတွင် တိုက်ပွဲထပ်မံဖြစ်ပွားလာပါက ထပ်မံ၍ ကားလမ်းပိတ်လာနိုင်ခြေရှိသောကြောင့် ဒေသခံများ စိုးရိမ်နေကြသည်။


ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် စစ်ကောင်စီတပ်တို့၏ တိုက်ပွဲများကြောင့် မတ်လဆန်းကတည်းက သုံးလနီးပါးအကြာ ပိတ်သွားခဲ့သည့် မြစ်ကြီးနား-ပူတာအိုသွား ကားလမ်းကို ဇွန်လ ၈ရက်နေ့တွင် နှစ်ဖက်တပ်ဖွဲ့များမှ ခွင့်ပြုချက်ဖြင့် ပြန်ဖွင့်ပေးခဲ့တာ ဖြစ်ကြောင်း သိရသည်။


သတင်း- မလိခူး


0 views0 comments

Comentarios


Pajau Media

Thanks for subscribing!

bottom of page