top of page

ကျေးရွာအတွင်း စစ်သားများ ဝင်ရောက်နေထိုင်သောကြောင့် တန်ဂျာဒေသခံများ အခက်တွေ့နေ

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ။

၂၀ရက်၊ဇူလိုင်၊၂၀၂၄။



ပူတာအိုမြို့နယ်၊လုံရှာယာန်အုပ်စု၊တန်ဂျာကျေးရွာရှိ လူနေအိမ်များတွင် စစ်ကောင်စီစစ်တပ်များ ဝင်ရောက်နေထိုင်‌‌နေသည်မှာနှစ်လကျော် ကြာမြှင့်လာပြီ ဖြစ်‌သော​ေကြာင့်ဒေသခံများကို အကြပ်တွေ့စေသည်ဟု ပြောသည်။


ဇွန်လဆန်းပိုင်းကတည်းက ပူတာအိုမြို့မှ ဆွမ်ပီယာန်၊ ဆွမ်ပရာဘွမ်မြို့နယ်ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကြောင်းက ပြီးခဲ့သည့် ဇွန်လ၈ရက်နေ့တွင် တန်ဂျာကျေးရွာအနီးသို့ ရောက်ရှိလာချိန် KIA/KPDF ပူးပေါင်းတပ်မှ စောင့်ကြိုတိုက်ခိုက်ခဲ့ပြီးနောက် တန်ဂျာကျေးရွာအတွင်း ခိုလှုံနေခဲ့ကြောင်း သိရသည်။


"အဲ့ဒီနေ့ တိုက်ပွဲက တစ်နေကုန်နီးပါး အပြန်အလှန် လက်နက်ကြီး၊ ငယ်တွေနဲ့ ပစ်ခတ်ခဲ့ကြတယ်၊ အဲ့မှာစစ်တပ်ဘက်က စစ်ကြောင်းမှူးအပါ တပ်သားအများအပြား ကျရှုံးတယ်၊ ဒဏ်ရာရသူတွေများလို့တပ်ဆုတ်ပြီးမှ ရွာထဲက လူနေအိမ်တွေမှာ နေကြတာ။ အခုဆို နှစ်လကျော်ခဲ့ပြီ။ ရှေ့ကိုလည်း ဆက်မသွားနိုင်ကြဘူး သူတို့ရဲ့တပ်ထဲကိုလည်း ပြန်မလာခိုင်းသေးဘူးလို့ ပြောကြတယ်။ သူတို့က ရွာထဲမှာပဲရှိနေကြတော့ ရွာသားတွေ နေထိုင်၊ အသွားအလာ၊လုပ်ကိုင်စားသောက်ရေးတွေမှာလည်း အရမ်းအခက်အခဲဖြစ်နေတယ်။" ဟု ဒေသခံတစ်ဦးက ပြောသည်။


ယင်းစစ်ကြောင်းများ ဝင်ရောက်လာပြီးနောက်ပိုင်း‌ ကျေးရွာအတွင်း တင်းကျပ်စွာ စောင့်ကြည့်ခံရခြင်း၊ တောင်းရမ်းစားသောက်ခြင်း၊ အိမ်မွေးတိရိစ္ဆာန်များကို စိတ်ကြိုက်ပစ်သတ်စားသောက်ကြခြင်း၊ အိမ်တိုင်းကို ကြက်များအတင်းတောင်းယူခြင်းနှင့် ရွာသားများအား လွတ်လပ်စွာ သွားလာနိုင်ခွင့် ပိတ်ထားခြင်း စသည့် ခြိမ်းခြောက်ခြင်းများပြုလုပ်နေသည်ဟုဆိုသည်။


"တိုက်ပွဲဖြစ်ပြီးတဲ့နေ့မှာဆိုရင် ရွာထဲက အမျိုးသားနှစ်ဦးကို အပြင်းအထန် သေလုမျှောပါး ရိုက်နှက်ပြီးတော့ သူတို့ဆွေမျိူး(၈)ယောက်ကိုလည်း နှစ်ရက်အထိ ဖမ်းထားတာတွေ လုပ်ခဲ့တယ်။ အခုအထိပဲ သူတို့စားချင်သောက်ချင်တဲ့ ဟာတွေဆိုကြိုက်သလို မွှေနောက်ပြီး နေထိုင်စားသောက်နေကြတုန်း၊ ရွာလူကြီးတွေ ဆီကနေတစ်ဆင့် တစ်အိမ်ကို ကြက်တစ်ကောင်နှုန်း မပေးမနေရ လိုက်ကောက်ခိုင်းတာတွေ လုပ်တယ်။ ရွာကနေတစ်ယောက်မှ ပြေးသွားတာတွေ မလုပ်ရဘူး။ လုပ်တာနဲ့ အိမ်တွေ မီးရှို့ပစ်မယ်လို့လည်း ခြိမ်းခြောက်ထားတယ်" ဟု အထက်ပါအမျိုးသားက ဆိုသည်။


တန်ဂျာကျေးရွာအတွင်း ခိုလှုံနေထိုင်ကြသည့် စစ်ကောင်စီတပ်သားများမှာ ခ.လ.ရ ( ၄၆)၊ တပ်မ(၈၈)နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့များမှ အင်အား ၈၀ခန့်အထိ ရှိနေပြီး၊ ဒေသခံများ၏ နေအိမ်များတွင် နေထိုင်ကြခြင်းကြောင့် ရွာသားများ အခက်တွေ့နေရခြင်း ဖြစ်သည်။


တန်ဂျာကျေးရွာသည် အိမ်ခြေစုစုပေါင်း(၁၁၀)ရှိပြီးပူတာအို-မြစ်ကြီးနားလမ်းပေါ်တွင် တည်ရှိသည့်ကျေးရွာတစ်ရွာ ဖြစ်သည်။


သတင်း-မလိခူး


2 views0 comments

댓글


Pajau Media

Thanks for subscribing!

bottom of page