top of page

ကုန်ပစ္စည်းများအပြင် ဆေးဝါးပစ္စည်းများပါ ပြတ်လပ်လာကြောင်း ကျန်းမာရေးဝန်ထမ်းများပြော

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၂၊ ၉၊၂၀၂၄။



ကချင်ပြည်နယ်တွင် ဖုန်းအော်ပရေတာများအားလုံး အဆက်အသွယ်ပြတ်တောက်ခဲ့တာ တစ်လကျော်ကြာပြီးနောက် ဆေးရုံ၊ ဆေးခန်းများတွင် ဆေးဝါးနှင့် ဆေးပစ္စည်းများ ပြတ်လပ်လာပြီး ကျန်းမာရေးစမ်းစစ်ကုသရာတွင် ခက်ခဲမှုများ ရှိလာသည်ဟု ကျန်းမာရေးဝန်ထမ်းများထံမှ သိရသည်။


“ခုနောက်ပိုင်းကလေ လမ်းပိတ်တော့ ဆေးတွေမဝင်ဘူး ဖြစ်နေတယ်။ ဆေးတွေအများစုက ပြတ်လပ်လာတဲ့သဘော ဖြစ်နေတယ်။ ခုနောက်ပိုင်းလာတဲ့ လူနာတွေကိုဆိုရင် အားတောင်နာမိတယ်။ ဆရာဝန်မှာလိုက်တဲ့ ဆေးလာမေးရင် ဆေးတွေက မရှိဘူး။ ဘာမေးမေး မရှိဘူး။ ကုန်နေတာတွေပဲ ဖြစ်နေတာ။ ဈေးကကြီး။ လူနာက နေ့တိုင်းအရမ်းများတယ်။ ဒီအဖျားကျဆေး(PARA)တောင် ပြတ်သလောက်ရှိလာပြီ။” ဟု ပုဂ္ဂလိကဆေးခန်းတစ်ခုမှ ဝန်ထမ်းဆရာမတစ်ဦးက ပြောသည်။


တစ်လကျော်ကြာ ဖုန်းအော်ပရေတာများ နှင့် ကားလမ်းည ပိတ်ပင်ခဲ့ပြီးနောက် ကချင်ပြည်နယ်သို့ ကုန်ပစ္စည်းဝင်ရောက်မှုမှာ ရပ်တန့်သွားခဲ့ပြီး ဆေးဝါးပစ္စည်းများ အပါအဝင် အခြားကုန်ပစ္စည်းများလည်း ပြတ်လပ်သွားခဲ့ရာ ဈေးနှုန်းလည်း တစ်ဟုန်ထိုး မြင့်တက်သွားခဲ့ခြင်း ဖြစ်သည်။



ကျန်းမာရေးဆိုင်ရာနှင့်ပတ်သက်ပြီး လှည့်လည်သွားရောက်ကုသပေးသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုမှ ဝန်ထမ်းတစ်ဦးလည်း ဆေးဝါးမရှိ ပြတ်လပ်သောကြောင့် ကျေးလက်ဒေသသို့ သွားရောက်ကုသစဉ် အခက်အခဲများ ကြုံတွေ့ရကြောင်းကို ထပ်မံပြောပြသည်။


“ဟုတ်တယ်။ ဆေးဝါးတွေက ပြတ်လပ်လာတယ်။ ခုတလောသွားရောက်ကြည့်ရှု့ရတဲ့ ကျေးလက်ဒေသတွေမှာဆိုရင် လူနာတွေအတွက် လိုအပ်တဲ့ဆေးဝါးကမစုံဘူး။ ဥပမာ လူနာတစ်ယောက်ကို သူ့ရောဂါအလိုက် တွဲပေးရမယ့်ဆေးက သုံးမျိုးလေးမျိုးဆိုရင် ဆေးကမစုံ၊ ပြတ်သွားတာတွေနဲ့ဆိုတော့ တစ်မျိုး၊နှစ်မျိုးပဲ ပေးထားခဲ့ရတာမျိုးပေါ့။” ဟု ပြောသည်။


ဆေးဝါးပစ္စည်းများ ပြတ်လပ်လာသည့်အပြင် ကျန်းမာရေးဆိုင်ရာအတွက် အခြေခံလိုအပ်သည့် ဆေးဝါး၊ ပင်နီဆီလင်၊ အဖျားကျ၊ အရက်ပြန် စသည့် ဆေးပစ္စည်းများမှာ ယခင်ထက် ဈေးနှုန်းပိုမိုမြင့်တက်လာခြင်းဖြစ်သောကြောင့် ပြည်သူများမှာ မိမိနေအိမ်တွင်း အခြေခံကုသနိုင်ရန်အတွက် လိုအပ်သည့် ဆေးဝါးပစ္စည်းများကို ကြိုတင်စုဆောင်းဝယ်ယူထားသင့်ကြောင်း ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများက ပြောကြားထားသည်။


Comentarios


Pajau Media

Thanks for subscribing!

bottom of page