ပါဂျောင်မီဒီယာ။
၂၈ရက်၊ဖေဖော်ဝါရီ၊၂၀၂၅။
ကချင်လွတ်လပ်ရေးတပ်မတော်(KIA/KIO)အစိုးရ ထိန်းချုပ်နယ်မြေ ပန်ဝါမြို့နှင့် ဖရဲဒေသဘက်မှ တူးဖော်ရရှိသည့် မြေရှားသတ္ထုများကို ကန်ပိုင်တည်အမှတ်(၆)လမ်းမှတစ်ဆင့် တရုတ်ပြည် ဂူရုံးမြို့ထွက် မှောင်ခိုဖြတ်လမ်းမှတဆင့် တရုတ်ပြည်သို့ သယ်ယူပို့ဆောင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။
“ခုလက်ရှိလုပ်နေတဲ့သတ္ထုတွေကို ဒီဘက်ကန်ပိုင်တည်ဖြတ်လမ်း ခိုးလမ်းဖြစ်တဲ့ အမှတ်၆လမ်းကနေ သယ်နေကြတာ အဲဒီလမ်းက တရုတ်ပြည် ဂူရုံးမြို့ဘက်ထွက်တာ။ ခုထွက်နေတဲ့ သတ္ထုကားအားလုံးက အဲ့ဒီလမ်းကနေဘဲ သွားနေကြတယ်”ဟု ပန်ဝါဒေသခံတစ်ဦးမှ ပြောပြသည်၊၊
နယ်စပ်ဂိတ်များကို နှစ်ဖက်အစိုးရမှ တရားဝင် ဖြတ်သန်းခွင့် မပြုသောကြောင့် ကန်ပိုင်တည်အမှတ်(၆) မှောင်ခိုလမ်းမှတဆင့် တရုတ်ပြည် ဂူရုံးမြို့ထွက် ခိုးလမ်းမှ ဖြတ်သန်းသယ်ယူနေခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိ မြေရှားသတ္ထုတူးဖော်နေသူ အများအပြား ရပ်နားထားခဲ့ရပြီး၊ မြေရှားသတ္ထုလုပ်ငန်း ပြန်လည်လုပ်ကိုင်မည်ဆိုလျှင် KIO/KIAအစိုးရထံ အခွန်ဆောင်ရမည်ဖြစ်ကာ၊ အခွန်မဆောင်ဘဲ လုပ်ငန်းဆောင်ရွက်နေလျှင် အရေးယူမည်ဖြစ်ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။
“ခုတစ်ချို့ဆိုဒ်ကပိတ်ခံထားရတာ သူတို့ကို KIOအစိုးရက အခွန်ဆောင်ခိုင်းတော့ ဇခုန်တိန့်ယိန်းကို ဆောင်ထားပြီးပြီတဲ့။ ခုထပ်မဆောင်နိုင်ဘူးဆိုပြီး မဆောင်ဘဲနေနေကြတော့ ပိတ်ပင်ခံရတယ်။ အခွန်ထပ်ဆောင်ထားတဲ့သူတွေက လုပ်ငန်းပြန်စနေကြပြီ” ဟု အထက်ပါဒေသခံက ဆက်ပြောသည်။
ပန်ဝါဂိတ်တွင် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရန်ပင် KIAနှင့်တရုတ် နှစ်ဖက်အစိုးရထံ လျှောက်လွှာတင်ကာ အခွန်ပေးဆောင်နေရသောကြောင့် အခွန်မဆောင်သည့် မြေရှားသတ္တုလုပ်ငန်းများမှာ မှောင်ခိုလမ်းမှသာ သယ်ယူပို့ဆောင်နေခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ပြောသည်။
ထို့အပြင် ပန်ဝါ၊ ချန်းရင်ခူးနှင့် ဖရဲဒေသရှိ မြေရှားသတ္ထုဆိုဒ်အချို့မှာ တရုတ်လုပ်ငန်းရှင်များဖြစ်ကြပြီး၊ ယခင်က ဦးဇခုန်တိန်းယိန်းထံ ပေးဆောင်ပြီးဖြစ်သဖြင့် KIO/KIAထံ ထပ်မံမဆောင်နိုင်သောကြောင့် ပိတ်ပင်ခံရခြင်းဖြစ်သည်။
သို့သော် အခွန်ထပ်မံပေးဆောင်သော အချို့မြေရှားလုပ်ငန်းရှင်များမှာ လုပ်ငန်းပြန်လည် ဆောင်ရွက်နေကြသည်ဟု ဆိုသည်။
သတင်း-ဖရိန်း
Comments