top of page
Writer's picturePajau Media

KIO အုပ်ချုပ်နယ်မြေအတွင်းက ဒေသခံများ နေရပ်ပြန်ဖို့လုပ်ဆောင်ရာတွင် အကူအညီအထောက်ပံ့များစွာလိုအပ်နေ

ပါဂျောင်မီဒီယာ။

၃၁ရက်၊အောက်တိုဘာ၊၂၀၂၄။





KIA ပူးပေါင်းတပ်ဖွဲ့များ ထိုးစစ်စတင်ခဲ့သည့် မတ်လ ၇ ရက်နေ့မှ စပြီး မြစ်ကြီးနား-နမ်ဆန်ယန် ကားလမ်း တစ်လျှောက်ရှိစစ်ကောင်စီတပ်စခန်းများကို KIA ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်သည့်အတွက် စစ်ရှောင်ပြည်သူများက နေရပ်ပြန်ကာ အိမ်ခြံ သန့်ရှင်းရေးများလုပ်ဆောင်နေပြီဖြစ်သော်လည်း ကူညီထောက်ပံ့မှုများစွာ လိုအပ်နေကြောင်း ဒေသခံများထံမှသိရသည်။


စစ်ရှောင်နေရသည်မှာ ဆယ်စုနှစ်တစ်စုစာရှိလာပြီဖြစ်သည့်အတွက် ပြန်လည်ထူထောင်ရေးအပိုင်းတွင် အစမှနေ၍ ပြန်လည်တည်ဆောက်ရပြီး နေထိုင်ဖို့ အိမ်မှအစ ဆောက်လုပ်ရမည်ဖြစ်သည့်အတွက် လက်ရှိအခြေအနေတွင် အခက်ခဲများစွာရှိပြီး အကူအညီလိုအပ်နေကြောင်း ယခုလိုပြောသည်။


“ အစစစ်ရှောင်ချိန်မှာရှိသမျှပစ္စည်းဥစ္စာ တွေ စွန့်ပြီး ကိုယ်လွတ်ရုန်းတိမ်းရှောင်ခဲ့တာဆိုတော့ ဘယ်အရာမဆို အစကနေ စရတယ်၊ တွေးကြည့်ရင် အားလုံးရှုံးတာတွေကြီးပဲ၊ ပစ်ထားတာဆယ်စုနှစ်ကြာလာပြီဆိုတော့ အခုမှ သန့်ရှင်းရေးတွေ စလုပ်ခါစပဲရှိသေးတော့ ၊အများကြီးပြန်ကြိုးစား ယူရတော့ မယ် လိုသေးတယ်၊အကူအညီအထောက်အပံ့တွေလည်း အများကြီးလိုအပ်တယ်၊ကူညီမဲ့အဖွဲ့အစည်းတွေ ကို လည်းမျှော်လင့်နေပါတယ်, ကိုယ့်ဟာကိုလုပ်ဖို့ကြတော့ မလွယ်တော့ဘူး”ဟုဆိုသည်။


စစ်ရှောင်ပြည်သူများနေရပ်ပြန်ရန် ပြင်ဆင်လုပ်ဆောင်နေပေမဲ့ ကျေးရွာအတွင်း အဓိကလိုအပ်ချက်ဖြစ်သည့် ကျန်းမာရေး၊ပညာရေး၊ မီး၊ ရေကအစ အဆင်မပြေသေး၍ မိသားစုလိုက်လာနေဖို့ရန် မဖြစ်နိုင်သေးဟုဆိုသည်။


“ ကိုယ့်နေရပ်ပြန်ရမယ်ဆိုတော့ ပျော်ပါတယ်၊ အစိုးရကိုလည်းကျေးဇူးတင်တယ်၊ အစကနေလုပ်ယူရတယ်ဆိုတော့ အားလုံးဝိုင်းဝန်းကူညီမှပဲ ဖြစ်နိုင်မယ်၊ မကူလည်းမတတ်နိုင်ဘူးလေ၊ ကျန်းမာရေးကအစ ပေါ့ အခြားပြန်လည်ထူထောင်ရေးအပိုင်းလည်း အများကြီးရှိသေးတော့ မိသားစုလိုက် လာနေဖို့က ဝေးပါသေးတယ်”


စစ်ကောင်စီတပ် မရှိတော့သည့် မြစ်ကြီးနား-နမ်ဆန်ယန် ကြားရှိ ကျေးရွာများဖြစ်သည့် အင်ဗွန်၊ ဂန်ဒေါင်ယန်၊ ဂျာဘူ၊ ကဇူး‌စသည့် ကျေးရွာများမှ ဒေသခံများသည် နေရပ်ပြန်လာနိုင်ရေးအတွက် စတင်လုပ်ဆောင်နေပြီး၊ ၎င်း‌ဒေသမှ ပြည်သူများမှာ လွန်ခဲ့သည့် ၂၀၁၁ တစ်ကျော့ပြန်စစ်ပွဲဖြစ်ပွားလာပြီးနောက်ပိုင်း တစ်ချို့က (KIO) ထိန်းချုပ်နယ်မြေနှင့် တစ်ချို့မှာ မြစ်ကြီးနားမြို့ဘက် ထွက်ပြေးတိမ်းရှောင် နေရသည်မှာ လက်ရှိအချိန်ထိဖြစ်သည်။


တိုက်ပွဲဖြစ်ပွားခဲ့သည့် ဒေသများဖြစ်သည့်အတွက် တောထဲသွားရာ၊ သန့်ရှင်းရေးလုပ်ရာတွင် မြေမြုပ်မိုင်းပေါက်ကွဲသည်များလည်းရှိ၍ သိထားနေရသည်။ ကားလမ်းတစ်လျှောက်ရှိ ကျေးရွာများမှာ ပို၍သတိထားရကြောင်းနှင့် သတ်မှတ်ထားသည့် နေရာမှကျော်လွန်၍ သွားလို့မရသေးကြောင်းလည်းသိရသည်။ KIA ပူးပေါင်းတပ်များ ထိုးစစ် စတင်ခဲ့သည် နောက်ပိုင်း မြစ်ကြီးနား-ဗန်းမော် ကားလမ်း တစ်လျှောက်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးတိုက်ခိုက် သိမ်းယူနိုင်ခဲ့ပြီး သိမ်းပိုက်ပြီးဖြစ်သည့် ဒေသများတွင် KIO အုပ်ချုပ်ရေးယန္တယား စတင်လည်ပတ်ကာ ထိန်းချုပ်နေပြီ ဖြစ်သည်။


1 view0 comments

Comments


bottom of page