top of page

KIO ထိန်းချုပ်မှုအောက်ရှိ နေရာဒေသများတွင် စာသင်ကျောင်းများထပ်မံတိုးချဲ့ ဖွင့်လှစ်ရန်ပြင်ဆင်

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၆ ရက်၊ ဇွန်လ၊ ၂၀၂၄ ခုနှစ်။



ကချင်ပြည်နယ်အတွင်း လွန်ခဲ့သော မတ်လမှစတင်၍ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) မှ ထိုးစစ်ဆင်တိုက်ပွဲများဆင်နွဲခဲ့ရာ လက်ရှိတွင် စစ်ကောင်စီ၏ တပ်စခန်း ၁၀၀ ကျော်ကို သိမ်းပိုက်ထားနိုင်ပြီဖြစ်သောကြောင့် ထိုသို့ သိမ်းပိုက်ရရှိထားသော နေရာဒေသများတွင် စာသင်ကျောင်းများ ဖွင့်လှစ်ရန် (KIO) မှ စတင်ပြင်ဆင်နေပြီဖြစ်ကြောင်းသိရှိရသည်။


၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း KIO ဌာနချုပ်လက်အောက်တွင် စာသင်ကျောင်းပေါင်း ၂၁၅ ကျောင်းအထိရှိခဲ့ရာ ယခု နှစ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) မှသိမ်းပိုက်ရရှိထားသော နေရာဒေသများတွင် စာသင်ကျောင်းပေါင်း ၂၃၃ ကျောင်း ထပ်မံတိုးချဲ့ဖွင့်လှစ်တော့မည် ဖြစ်သောကြောင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် KIO ဌာနချုပ်လက်အောက်တွင် စာသင်ကျောင်းအားလုံးပေါင်း ၄၄၈ ကျောင်း ရှိလာတော့မည် ဖြစ်ကြောင်းသိရသည်။


ကျောင်းဖွင့်ချိန်ရောက်သည်နှင့် တစ်ပြိုင်နက် ယခင် KIO ဌာနချုပ်လက်အောက်ရှိ စာသင်ကျောင်းများယခင်နှစ်များနည်းတူ ကျောင်းအပ်လက်ခံကာ ဖွင့်လှစ်နေပြီဖြစ်သည်။ အလားတူ အင်ဂျန်းယန်ဒေသတွင်လည်း KIO ၏ ပညာရေးလမ်းညွှန်မှုအတိုင်း ၂၀၂၃ ခုနှစ်မှစတင်၍ စာသင်ကျောင်းများဖွင့်လှစ်နေပြီဖြစ်ရာ ယခုနှစ်တွင်မူ အထက်တန်းကျောင်းအဆင့်အထိ တိုးချဲ့ဖွင့်လှစ်တော့မည်ဖြစ်ကြောင်းဒေသခံများကပြောသည်။


မြို့ပေါ်ရှိ အစိုးရစာသင်ကျောင်းများကို ဇွန်လ ၃ ရက်နေ့ကတည်းကစတင်ဖွင့်လှစ်နေပြီဖြစ်သော်လည်း နိုင်ငံရေးအရှုပ်အထွေး နှင့် နှစ်ဖက်တပ်ဖွဲ့ ၏ တိုက်ပွဲများကြောင့် စာသင်ကျောင်းများ မဖွင့်လှစ်နိုင်သော နေရာဒေသအများအပြားရှိသည့်အပြင်၊ ဘေးလွတ်ရာနေရာများသို့ စစ်ဘေးရှောင်နေရသဖြင့် ကျောင်းဖွင့်ချိန်ရောက်သော်လည်း ကျောင်းမတက်နိုင်သော ကလေးငယ်များစွာကချင်ပြည်နယ်အတွင်း ရှိနေသေးသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page