ပါဂျောင်မီဒီယာ
၄၊ ၉၊ ၂၀၂၄။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချူပ်နယ်မြေဖြစ်သည့် မြစ်ဆုံအထက် အင်ဂျန်းယန်ဒေသတွင် လုပ်ငန်းရှင်အမြောက်အများဝင်လာပြီး ရွှေတူးဖော်မှုအလွန်အကျွံတူးဖော်နေကြောင်း ဒေသခံများထံမှ သိရပါသည်။
၂၀၂၃ ခုနှစ် နိုဝင်ဘာလ စစ်ကောင်စီထွက်ခွါပြီးနောက် KIA/KIO ထိန်းချုပ်မှုအောက်တွင်ရှိနေသော အင်ဂျန်းယန်းဒေသတွင် ရွှေများအလွန်အကျွံတူးဖော်မှုမှာ အင်ဂျန်းယန်းမြို့တွင်းထိ ကျယ်ပြန့်လာခဲ့သည်။
စစ်ကောင်စီထိန်းချုပ်စဉ်က အင်ဂျန်းယန်မြို့နှင့် ရွာအနီးတွင် ရွှေတူးဖော်မှုလုပ်ဆောင်ခြင်းမရှိဘဲ စစ်ကောင်စီထွက်ခွါပြီးနောက်တွင် ပြင်ပမှ လုပ်ငန်းရှင်အများအပြား ဝင်ရောက်လာကာ ကျေးရွာအနီးနားထိ ရွှေတူးဖော်မှုလုပ်ငန်း အလွန်အကျွံလုပ်ဆောင်နေလျက်ရှိသည်။
ထိုသို့အလွန်အကျွံတူးဖော်မှုကြောင့် ဒေသခံတစ်ချို့ လုပ်ကိုင်စားသောက်စိုက်ပျိုးသည့်နယ်မြေနှင့် သဘာဝသယံဇာတပျက်စီးမှု၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု ကို စိုးရိမ်နေသော်လည်း အချို့ပြည်သူမှာ မိမိတို့ပိုင်သည့် မြေများကို ထိုလုပ်ငန်းရှင်များဆီ ရောင်းနေကြပါသည်။
ရွှေအလွန်အကျွံတူးဖော်မှုကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးကာ လွန်ခဲ့သည် ဇူလိုင်လတွင် ရေးကြီးရေလျှံမှုကြုံတွေ့နေရကာ ပြည်သူများစွာယနေ့ထိ ရေဘေးဒဏ်ခံစားနေရခြင်းပင်ဖြစ်သည်။
ကချင်ပြည်နယ်တွင် အာဏာသိမ်းပြီး နောက်ပိုင်း စက်ယန္တရားတွေအပါအဝင် ရွှေတူးဖော်မှုများကို မြစ်ဆုံအထက်အောက် အင်ဂျန်းယန်၊ ဆွမ်ပရာဘွမ်၊ ပူတာအို၊မလိခမြစ်ရိုးတစ်လျှောက် စက်ယန္တရားကြီးများနှင့် တူးဖော်ခြင်း၊ ရေငုတ်တူးဖော်ခြင်း၊ ကုန်းပေါ်တွင် တူးဖော်ခြင်း၊ မြစ်ကမ်းဘေးတွင် အဆက်မပြတတ်တူးဖော်ခြင်းများကြောင့် ဒေသခံပြည်သူများ ကန့်ကွက်နေကြသော်လည်း စစ်တပ်နှင့်လက်နက်ကိုင်အပေါင်းအပါ၊ ခရိုနီတို့သည် ရွှေတူးဖော်မှုကို ရပ်တန့်သွားခြင်းမရှိဘဲ ဆက်လက်တူးဖော်နေကြပါသည်။
KIO အုပ်ချုပ်မှု ယန္တရားအောက်တွင်ရှိသော သယံဇာတတူးဖော်မှုလုပ်ငန်းများကို သေသေချာချာစီမံခန့်ခွဲကာ စည်းနှင့်ဘောင်နှင့်စနစ်တကျကာ သဘာဝပတ်ဝန်းကျင်ကို သေချာထိန်းသိမ်းနေသင့်သော်လည်း လက်ရှိတွင် ပရမ်းပတာအလွန်အကျွံတူးဖော်ကာ နောက်ဆက်တွဲအကျိုးဆက်များကို ဒေသခံပြည်သူသာ ရင်ဆိုင်ကြုံတွေ့နေရပါသည်။
၄င်းအခြေအနေများနှင့် ပက်သက်၍ သက်ဆိုင်ရာတာ၀န်ရှိသူထံ မေးမြန်စုံစမ်းထားသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။ ကချင့်လွတ်လပ်ရေးအဖွဲ့ KIO ၏ အခွန်ဘဏ္ဏာအတွက် ဖြစ်လင့်ကစား ဌာနေတိုင်းရင်းသားဒေသခံများ၏ စကားသံသည်အရေးကြီးကြောင်း ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးမှ ယခုလိုပြောလာပါသည်။ “ရေကြီးတာလည်း နားမလည်ဘူး၊ သဘာ၀ပတ်၀န်းကျင် ပျက်စီးတာလည်းမသိဘူး၊ ငွေရဖို့ တစ်ခုအတွက်နဲ့ ဝိသမာလောဘတက်နေကြတဲ့အပြင် ဥပဒေနဲ့ ကိုင်တွယ်ဖြေရှင်းတာ၊ တာ၀န်ယူမှု တာ၀န်ခံမှု ပျောက်ဆုံးနေတာဟာ ကချင်ပြည်နယ်အတွက် တကယ်စိုးရိမ်စရာ ရှိသည်” ဟု မှတ်ချက်ပြုလာပါသည်။
Kommentare