ပါဂျောင်မီီဒီယာ။
၉ရက်၊ဇန္နဝါရီ၊၂၀၂၅။
သိမ်းပိုက်ရရှိထားပြီဖြစ်သည့် မံစီမြို့ရှိစစ်ကောင်စီတပ်စခန်းများအားလုံးကို KIAနှင့် ပူးပေါင်းတပ်ဖွဲ့များက အပြီးတိုင် တိုက်ခိုက်ရှင်းလင်းကာ၊ အလံပြောင်းလွင့်ထူခဲ့ပြီး ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွက် ဆက်လက်တိုက်ပွဲ ဝင်နေဆဲ ဖြစ်ကြောင်း သိရသည်။
“မနေ့ကပဲ သိမ်းထားတာဆိုတော့ သန့်ရှင်းရေးနဲ့နယ်မြေရှင်းလင်းရေးတွေ အရင်လုပ်ဆောင်လိမ့်မယ်။ မံစီနဲ့ ဗန်းမော်က အရမ်းနီးတော့ ဆက်တိုက်သွားဖို့ပဲ ရှိတယ်။ မံစီပြီးတာနဲ့ ဗန်းမော်၊ ဗန်းမော်ပြီးရင်လည်း မိုးမောက်ဘက် ဆက်သွားဖို့ ဖြစ်နိုင်တယ်။” ဟု မံစီဒေသခံ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။
ယမန်နေ့ မံစီမြို့ကိုသိမ်းပိုက်ပြီးနောက် ဗန်းမော်ဒေသမှ ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်စခန်းများအနက် ခလရ (၄၇)တပ်စခန်းအား အနီးကပ်ဝန်းရံပိတ်စို့တိုက်ခိုက်နေပြီး၊ ဗန်းမော်မြို့ဝန်းကျင်တွင် တိုက်ပွဲများဆက်ရှိနေကာ၊ စစ်ကောင်စီဘက်မှလည်း လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေကြောင်း သိရသည်။
မံစီဒေသခံ ရပ်မိရပ်ဖတစ်ဦးက “ဒီနေ့က အရင်နေ့တွေထက် အသံပိုကျယ်တယ်။ အသံတစ်ခါမြည်တိုင်း မြေကြီးတောင် တုန်ခါသွားတယ်။ အဲ့လောက်ထိဆိုရင် အမြောက်ကျည် အကြီးကြီးတွေနဲ့ ပစ်တာဖြစ်လောက်တယ်” ဟု ပြောသည်။
ဗန်းမော်အခြေစိုက် စကခ(၂၁)မှလည်း လက်နက်ကြီးများဖြင့် ပြင်းပြင်းထန် ခုခံတိုက်ခိုက်နေကြောင်း သိရသည်။
ဗန်းမော်မြို့မှ ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်စခန်းများမှာ စကခ(၂၁)နှင့် ခလရ (၄၇) အပါအဝင် ခြေလျင်တပ်ရင်း၊ အမြောက်တပ်၊ တင့်ကားတပ်၊ ဆက်သွယ်ရေးတပ်၊ ဆေးတပ်၊ အင်ဂျင်နီယာတပ်၊ ထောက်ပံ့ရေးတပ် စသည့် တပ်စခန်းများဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၄ရက်က စတင်ခဲ့သည့် ထိုးစစ် အတွင်း ယမန်နေ့က ဆက်စပ်ဒေသ မံစီမြို့ရှိ ခမရ (၃၁၉)၊ ခမရ (၆၀၁) နှင့် အမှတ် (၃၅၂) အမြောက်တပ် တပ်ရင်းဌာနချုပ် တို့ကို သိမ်းပိုက်ခဲ့ပြီး ဖြစ်သည်။
သတင်း - ဇော်မိုင်
Comments