top of page

KIA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့မှဗန်းမော်လေယာဉ်ကွင်းနှင့် ခလရ(၄၇)တပ်စခန်းကို သိမ်းပိုက်နိုင်ပြီဆိုသော သတင်းအားအတည်မပြုနိုင်သေး

Writer: Pajau MediaPajau Media

ပါဂျောင်မီဒီယာ။

၁၃ရက်၊ဇန္နဝါရီ၊၂၀၂၅။




ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် လက်ရှိ နှစ်ဖက်ထိတွေ့တိုက်ပွဲ ငြိမ်သက်နေပြီး၊ ဇန္နဝါရီလ(၉)ရက်နေ့က ဗန်းမော်လေယာဉ်ကွင်းကို KIAပူးပေါင်းတပ်ဖွဲ့များသိမ်းယူလိုက်သည်ဆိုသည့်သတင်းနှင့် ခလရ (၄၇)တပ်စခန်း သိမ်းဆည်းနိုင်ပြီဆိုသောသတင်းကို အတည်မပြုနိုင်သေးကြောင်း ဒေသအတွင်း အခြေအနေများ ဖော်ပြနေသည့် Banmaw Scout Teamမှ ထုတ်ပြန်ထားသည်။


အဆိုပါသတင်းနှင့် ဆက်စပ်ပြီး ဗန်းမော်ဒေသခံ ရပ်မိရပ်ဖတစ်ဦးမှလည်း အတည်မပြုနိုင်သေးကြောင်း...

“အဲဒီသတင်းနဲ့ပတ်သက်ပြီး အတည်မပြုနိုင်သေးဘူး။ ဘာမှလည်း မကြားသေးဘူး။ အရင်က ခလရ (၄၇)ကို စတိုက်တုန်းကလဲ သိမ်းပြီလို့ ပြောကြရင်း တစ်ချို့က တကယ်သိမ်းပြီလို့ ထင်သွားကြတယ်။ အခုလည်း အဲ့လိုပဲထင်တယ်။ လေယာဉ်ကွင်းမှာ အရင်က ဒရုန်းနဲ့ လာပစ်ပေးတာမျိုးတော့ ရှိဖူးတယ်လေ။” ဟု ဖြေကြားထားသည်။


လက်ရှိ ခလရ (၄၇) နှင့် မံရွတ်‌ကျေးရွာ တဝိုက်တွင် ဆုတ်ခွာသွားသော စစ်တပ်များအား KIAမှ လိုက်လံရှင်းလင်းနေသဖြင့် တိုက်ပွဲဖြစ်ပွားနေပြီး၊ ဗန်းမော်တက္ကသိုလ် ဝန်းကျင်အနီးတွင် တိုက်ပွဲဆက်ရှိနေသော်လည်း ဗန်းမော်မြို့တွင်း၌ လတ်တလော ငြိမ်သက်နေဆဲ အခြေအနေဖြစ်ကြောင်း သိရသည်။


ကချင်ပြည်နယ်၏ ဒုတိယမြို့တော်ဖြစ်သည့် ဗန်းမော်မြို့နှင့် မံစီမြို့ကို KIAပူးပေါင်းတပ်ဖွဲ့များက ဒီဇင်ဘာလ (၄) ရက်နေ့တွင် တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နှစ်ဆန်း(၈)ရက်နေ့တွင် မံစီမြို့ကို အပြီးသတ် သိမ်းယူနိုင်ခဲ့သည်။


ထို့နောက် ဇန်နဝါရီ (၉) ရက် ကြာသပတေးနေ့တွင် ဗန်းမော်မြို့ လေယာဉ်ကွင်းကို KIA ပူးပေါင်းတပ်ဖွဲ့များက သိမ်းယူလိုက်ကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် သတင်းများထွက်ပေါ်လာခဲ့ပြီး၊ အဆိုပါသတင်းနှင့် ပတ်သက်ပြီး KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူမှလည်း အတည်မပြုနိုင်သေးကြောင်း VOAသတင်းတွင် ဖော်ပြထားသည်။


ကချင်သတင်းအရင်းအမြစ်များ ပြောကြားချက်အရ ထွက်ပြေးနေသည့် စစ်ကောင်စီတပ်သားများမှာ (၃၀၀)နီးပါးရှိနေကြောင်းနှင့် (၁၀၀)ကျော် အသေဖမ်းဆီးမိကာ လက်နက်ချ အလင်းဝင်သူများလည်း ရှိကြောင်း ပြောဆိုထားသည်။


တစ်ဖက်မှာလည်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကချင်ပြည်နယ်နေ့တွင် နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံညှိနှိုင်းမှသာ ငြိမ်းချမ်းရေးရနိုင်မည်ဖြစ်ကြောင်း ကချင်လူထုအား ပြောဆိုခဲ့သော်လည်း တနိုင်းဒေသ၊ ဖားကန့်ဒေသနှင့် မိုးညှင်းဒေသများတွင် အကြောင်းမဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သား အများအပြား သေဆုံးခဲ့ရသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page