top of page

KIA ပူးပေါင်းတပ်ဖွဲ့မှသိမ်းပိုက်ထားသော ချီဖွေမြို့တွင် KIO အုပ်ချုပ်ရေးယန္တယား စတင်လုပ်ဆောင်နေ

Writer: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၃ရက်၊အောက်တိုဘာ၊၂၀၂၄။



ကချင်လွှတ်လပ်ရေးတပ်မတော်(KIA)တပ်ဖွဲ့ကချီဖွေမြို့ကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီမှဖွင့်လှစ်ထားသည့် ကျောင်းနှင့် ဆေးရုံအပါအဝင် ဌာနဆိုင်ရာအဆောက်အဦးများကိုချိတ်ပိတ်ပြီး KIO အုပ်ချုပ်ရေးယန္တယားသို့ စတင်ပြောင်းလဲ စီစဉ်ဆောင်ရွက်နေပြီဟု ချီဖွေဒေသခံများ ပြောပြချက်အရ သိရသည်။


“KIAကသိမ်းပြီးတာနဲ့ မကြာဘူး ခဏလေးပဲ အရမ်းမြန်တယ်။ အစိုးရရုံးတွေကို ချိတ်ပိတ်ပြီးတော့ KIO အုပ်ချုပ်ရေးကို ချက်ချင်းပြောင်းလိုက်တာ။ ဘယ်သူမှမရှိတော့ဘူး။ အစိုးရကျောင်းကိုလဲ KIO ကျောင်းပြောင်းလိုက်ပြီ။ အဲဒီက ကျောင်းဆရာ/ဆရာမတွေဆို အကုန်ပြောင်းကုန်ကြပြီ၊ တစ်ချို့က ကျန်နေသေးတာလဲ ရှိတော့ရှိတယ်။” ဟု ချီဖွေအစိုးရကျောင်းမှ ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။


ပြီးခဲ့သည့် စက်တင်ဘာ ၂၉ရက်နေ့ကတည်းက စစ်ကောင်စီတပ်ဖွဲ့နှင့် KIA ပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ရာ ချီဖွေမြို့အပါ ရဲစခန်းနှင့် စစ်တပ်ကုန်းများအားလုံးကို KIA မှ တိုက်ခိုက်ထိန်းချုပ်ပြီးနောက် အောက်တိုဘာလဆန်း ၁ရက်နေ့မှစပြီး အစိုးရဌာနဆိုင်ရာ ရုံးအားလုံးအား ချိတ်ပိတ်ပြီး KIO အုပ်ချုပ်ရေးယန္တယားသို့ စတင်လာခြင်းဖြစ်သည်ဟု အထက်ပါဒေသခံက ပါဂျောင်မီဒီယာသို့ ပြောကြားသည်။


ကချင်အထူးဒေသ(၁)ထိန်းချုပ်နယ်မြေမှ ချီဖွေမြို့အပါအဝင် စစ်တပ်စခန်းများနှင့် ရဲစခန်းများကို KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် နေ့စဉ်လာရောက်တိုက်ခိုက်ခြင်းများ လုပ်ဆောင်နေကြောင်းနှင့် ဒေသခံအများစုမှာ နီးစပ်ရာ ဘေးလွှတ်ကင်းသည့် နေရာသို့ စစ်ပြေးတိမ်းရှောင်ခဲ့ကြပြီး အချို့မှာ ချီဖွေမြို့အနီး တောတောင်များသို့ ယာယီရှောင်ပြေးကြသူများလည်း ရှိနေသေးကြောင်း ထပ်မံသိရသည်။


အလားတူ ယမန်နေ့အောက်တိုဘာ၂ရက်နေ့တွင်လည်း အမှတ်(၇)တပ်မဟာ၊ အမှတ်(၄၆)တပ်ရင်းဒေသ၊ ဆော့လော်မြို့တွင် အခြေစိုက်သည့် စစ်ကောင်စီတပ်စခန်းနှင့် အနီးဝန်းကျင်ရှိ စစ်ကောင်စီပြည်သူ့စစ် တပ်စခန်းများအားလုံးကိုလည်း KIAပူးပေါင်းတပ်ဖွဲ့က အပြီးတိုင်တိုက်ခိုက်ထိန်းချုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။


စက်တင်ဘာ၂၉ရက်နေ့ကတည်းက KIA ပူးပေါင်းတပ်ဖွဲ့မှ ချီဖွေဒေသအတွင်း ထိုးစစ်ဆင်တိုက်ပွဲကို လေးရက်ကြာဆင်နွဲခဲ့ပြီးမှ ချီဖွေ၊ဆော့လော်နှင့် ရှငေါ့ဒေသမှ စစ်ကောင်စီတပ်စခန်းများကို အပြီးသတ် သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့ခြင်း ဖြစ်သည်။


Comments


Pajau Media

Thanks for subscribing!

bottom of page